Thursday, July 27, 2006

ဗုဒ္ဓ

အစွဲအလန်းကင်းကင်းနဲ့ ပြောကြေးဆိုရင် ဗုဒ္ဓပဲဖြစ်ဖြစ်၊ မဟာဝီရပဲဖြစ်ဖြစ်၊ သခင်ယေရှုပဲဖြစ်ဖြစ် အားလုံးဟာ ယနေ့ခေတ်အခါမှာသာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အခုလို အဖွဲ့အစုခေါင်းဆောင်၊ သီးခြားဘုံသား၊ ပုဂ္ဂလိကအသင်းအပင်းတစ်ခုရဲ့ အကိုးကွယ်ခံ၊ မဟာတန်ခိုးရှင်ကြီးတွေ ဖြစ်လာမယ်မထင်ပါဘူး။ အမှန်တရားကို ရှာဖွေတင်ပြသူ၊ လူ့ဘောင်ငြိမ်းချမ်းမှုကို ဦးစီးတည်ဆောက်ပေးသူ၊ ကမ္ဘာ့အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးများ အဖြစ်ဖြင့်သာ နေရာရကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ပြောတဲ့တရားထက် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကိုပဲ ရှေးတန်းတင်လာသူတွေကြာင့် မိမိတို့ သဘောကျရာ သဘောကျရာ ခေါင်းဆောင်တွေကို မိမိတို့အလိုကျ (ပြိုင်ဆိုင်လိုခြင်းနဲ့ အလွန်အားကိုးလိုခြင်းတို့ကြောင့်) ဖူးဖူးမှုတ်ရင်းက ဘုရားတွေဟာ အလွန်ကြီး၊ အလွန်ကျယ်၊ အလွန်မြင့်၊ အလွန်မြတ်သောပုဂ္ဂိုလ်ကြီးများ ဖြစ်သွားကြပြီး လူများစု လက်လှမ်းမမီနိုင် ဖြစ်ကုန်ကြပုံရပါတယ်။

ဒီလိုပြောလိုက်လို့ ဘုရားတွေကို အဆင့်လျှော့ချပစ်တယ်လို့ တစ်ချို့က ခပ်လွယ်လွယ် ထင်သွားကြမလားပဲ။ တကယ်က သူတို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ လမ်းညွှန်ချက်တွေကို လေ့လာကြည့်ရုံနဲ့တင် သူတို့ဟာ အဆင့်လျှော့ချလို့ မရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ထင်ရှာပြီး ဖြစ်နေပါပြီ။ ပြီး အခုလိုမျိုး အစွဲအလန်းကင်းကင်းနဲ့သာ ဘုရားတွေကို နားလည်လက်ခံခဲ့ကြမယ်ဆိုရင် သူတို့ဟာ ဒီထက်ပိုမို (အမြင်ရှင်းရှင်းနဲ့) လေးစားစရာကောင်းသောသူများပင် ဖြစ်လာနိုင်ပြီး သူတို့ရဲ့ ဓမ္မတွေဟာလည်း ကမ္ဘာ့လူသားထုကြားမှာ အခုထက်ပိုပြီး စူးရှထက်မြက်မယ်ဆိုတာ သေချာပါတယ်။ လျှပ်စစ်ဓာတ်ကို စတင်ဖော်ထုတ်ခဲ့သူကို ဘုရားလို မကိုးကွယ်ပေမယ့် သူဖော်ထုတ်ခဲ့တဲ့လျှပ်စစ်ကို ကမ္ဘာကြီးတစ်ခုလုံး အသုံးချနိုင်ကြသလိုနေမယ် ထင်ပါတယ်။

နောက်မှထပ်ဖြည့်ထားတဲ့ ကျမ်းဂန်တွေမှာ တန်ခိုးဣဒ္ဓိပါဒ်အကြောင်းတွေ၊ အံ့သြဘနန်းတွေ၊ ထူးဆန်းထွေလာတွေ ဘယ်လိုပဲ ရေးထားရေးထား သူကိုယ်တိုင်ပြောစကားနဲ့ သူ့ဖြစ်စဉ်တွေအရ ဗုဒ္ဓဟာ ရိုးရိုးလူသားတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ သူလိုငါလို မိန်းမနဲ့ ကလေးကိုလည်း ချစ်တယ်။ သူလိုငါလို လမ်းမှားလည်း လိုက်ဖူးတယ်၊ သူလိုငါလို အစာရေစာ ရှားပါးမှုလည်း ကြုံဖူးတယ်။ သူလိုငါလို သူများလုပ်ကြံတာ ခံရပြီး ဒဏ်ရာလည်း ရဖူးတယ်။ သူလိုငါလို အစားမှားပြီး သူလိုငါလိုလည်း ဖျားနာခဲ့ဖူးတယ်။ သူလိုငါလို စိတ်ပျက်တာမျိုးတောင် ရှိခဲ့ဖူးတယ်။ (သူ့တပည့်တွေ သူ့စကားနားမထောင်လို့ သူ တစ်ယောက်တည်း တစ်ခြားထွက်သွားတာမျိုး၊) ပြီး သူလိုငါလိုပဲ သေဆုံးသွားခဲ့တယ်။ မျက်မမြင်နောက်လိုက်တွေ ဇွတ်တရွတ် တွန်းတင်နေသလို သူဟာ အနန္တောအနန္တတန်ခိုးရှင်၊ ဆုတောင်းရင် ဖြည့်ပေးသူ၊ မျက်နှာလုပ်ရင် မြင်နှာလိုက်သူ၊ Super Human Being၊ စကြာဝဠာတစ်စင်းလုံးရဲ့အရှင်ကြီးတစ်ဆူ မဟုတ်ပါဘူး။

ဗုဒ္ဓဟာ An Ordinary Man With Extraordinary Wisdom ဖြစ်ပါတယ်။ ကိလေသာကနေ ဝေးသူ၊ ကိုယ်တိုင် တရားကို စတွေ့သူ၊ သီအိုရီနဲ့ လက်တွေ့ကို တစ်ထပ်တည်းကျအောင် နေသူ၊ စကားပြောချိုသူ၊ လောကရဲ့ အကြောင်းအကျိုးကို နားလည်သူ၊ လူတွေကို ဆိုဆုံးမတတ်သူ၊ ဆရာအဖြစ် တင်မြှောက်ခံနိုင်သူ၊ သစ္စာတရားကို သိထားသူ၊ ဘုန်းရှိန်ဝါကြီးသူ အသိဥာဏ် အဆင့်အမြင့်ဆုံး ရိုးရိုးလူသားတစ်ယောက် ဖြစ်ပါတယ်။။ လူတွေ မသိနိုင်တဲ့ အလယ်လမ်းကို သူ စဖောက်ခဲ့တယ်။ လူတွေ မမြင်နိုင်တဲ့အလင်းကို သူ စမြင်ခဲ့တယ်။ လူတွေ အိပ်မောကျနေချိန်မှာ သူ စနိုးကြားခဲ့တယ်။ ပြီး အားလုံးကို လက်ဆင့်ကမ်း ထွန်းညှိပေးရင်း လောကကို နိုးပေးခဲ့တယ်။ ဒီလောက်နဲ့တင် ဗုဒ္ဓဟာ ဗုဒ္ဓဖြစ်ဖို့ လုံလောက်နေပါပြီ။ (ဗုဒ္ဓ= သစ္စာလေးပါးကို သိသူ၊ နိုးကြားသူ၊ လူများကို နိုးကြားစေသူ၊ သိစေသူ။) ဒီထက်ပိုမိုပြီး လက်တွေ့မကျ၊ မမြင်ရတဲ့အရာတွေနဲ့ ဗုဒ္ဓအဖြစ်ကို မျက်စိမှိတ် အရောင်တင်နေဖို့ မလိုတော့ပါဘူး၊ ပြီး ဗုဒ္ဓကိုယ်တော်တိုင်ကလည်း အဲဒီလို မျက်မမြင်တွေရဲ့ ချီးမြှောက်ဂုဏ်တင်မှုမျိုးကို ကန့်ကွက်ပါတယ်။ သူကိုယ်တိုင်ရဲ့ ရပ်တည်ချက်ဟာ ဓမ္မကို လူများ နားလည်ရေးဖြစ်တဲ့အတွက် “ဓမ္မကို မြင်မှ ငါ့ကို မြင်ရမယ်” (ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။) လို့ ပြောခဲ့ဖူးပါတယ်။

ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံး ဗုဒ္ဓရဲ့ အတ္ထုပ္ပတ္တိအကျယ်ကို လူသားဗုဒ္ဓ ဆိုတဲ့ ဘလော့ဂ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

Wednesday, July 26, 2006

ဗုဒ္ဓဘာသာဆိုတာ

ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်တရားကိုယ်ဟာ ဘာလဲလို့ မေးရင် တစ်ချို့က “သစ္စာလေးပါးကို သိအောင်လုပ်ပေးတာ”လို့ ဖြေချင်ဖြေမယ်၊ တစ်ချို့က “မဂ္ဂင် ရှစ်ပါးကို ကျင့်ခိုင်းတာ”၊ တစ်ချို့က “နိဗ္ဗာန်ကို မျက်မှောက်ပြု ခိုင်းတာ” စသည် အသီးသီး ဖြေချင် ဖြေမယ်။ ဒီအဖြေတွေထက် လူတိုင်း ပိုမိုနားလည် လွယ်ကူစေမယ့် စကားမျိုးနဲ့ ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဆိုတာ “အကြောင်းနဲ့အကျိုးကို ဆက်စပ်ပြပေးတာ”လို့ ဖြေရမှာ ဖြစ်ပါတယ်။ လူတွေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတစ်စုံတစ်ရာအတွက် “အဲဒီရဲ့ မူလလက်သည်အရင်းက ဒါပါ”လို့ အတိအကျ ဖော်ညွှန်းပေးတာဟာ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။

လက်တွေ့ဘ၀မှာလိုက်ကြည့်ရင်ပဲ လူတွေမှာ အကြောင်းအကျိုး ဆက်နွယ်မှုကို နီးနီးစပ်စပ် ဆင်ခြင်တတ်လေ၊ လူဟာ ပိုပြီး တည်ငြိမ်ရင့်ကျင့်မှုရလေဆိုတာ အထင်အရှား ဖြစ်ပါတယ်။ အမှန်တော့ လူဟာ အခြားသတ္တ၀ါတွေထက် စာရင်တော့ အကြောင်းနဲ့အကျိုးကို ဆက်စပ်ကြည့်တတ်ပါတယ်။ အခြေအနေတစ်ခုခုကို ကြည့်ပြီး ဒါဟာ ဒါ့ကြောင့်ဖြစ်လာတယ်ဆိုတာကို တွက်ချက်တတ်ပါတယ်။ (အဲဒါကြောင့်ပဲ လူဟာ အခြားသတ္တ၀ါတွေထက် ခေါင်းတစ်လုံး သာနေတာပါ။) ဒါပေမယ့် အဲဒီလို အကြောင်းနဲ့အကျိုး ဆက်စပ်တဲ့အခါမှာ ဖန်တီးခံထားရတဲ့စိတ်အခံနဲ့ ခံစားဆုံးဖြတ်တဲ့ အကောင်းအဆိုး သတ်မှတ်မှုရယ်၊ ရိုးရိုးမျက်စိနဲ့ ထင်သာမြင်သာတဲ့အကြောင်းကိုပဲ ရှာတတ်တာရယ်ကြောင့် ပြဿနာတစ်ခုရဲ့ ဇာစ်မြစ်အထိ ကြည့်ဖို့ မစွမ်းဖြစ်ပြီး ကိုယ် မြင်သလို ဖြေရှင်းနေကြတော့ တချို့ပြဿနာတွေ တကယ် ငြိမ်းမသွားပါဘူး။

ဆိုပါတော့ လူဟာ ကလေးဘ၀တည်းက “ငါ မကြည်မသာ ဖြစ်နေတယ်ဆိုတာ ဗိုက်ထဲမှာ အစာလိုနေတာ”လို့ သိမယ်။ “အဲဒီ့လိုနေတဲ့အစာဟာ ငိုလိုက်ရင် ပေါ်လာမယ်” (သို့) “တွေ့လေရာကို ကောက်စားလိုက်ရင် ငြိမ်းမယ်”လို့ သိမယ်။ အဲဒီလိုပဲ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတယ်။ အဲဒီလို ဖြေရှင်းမှုမျိုးဟာ နောက်အသက်ကြီးလာတဲ့အထိ မသိစိတ်မှာ စွဲမြဲလာပြီး တစ်ချိန်မှာလည်း တစ်စုံတစ်ယောက်က ကိုယ့်ကို လာဆဲတယ်ပဲ ထားပါတော့၊ အဲဒီ့လို အဆဲခံရတဲ့အခါ “ငါ့မှာ တစ်စုံတစ်ရာ ပဲ့သွားတယ်”လို့ သိမယ်၊ “အဲဒီလို နောက်ကို ပဲ့မသွားအောင် ဆဲလာတဲ့သူကို လက်သီးနဲ့ထိုးပြီး နောက်ကို မဆဲရဲတော့အောင် လုပ်ရမယ်”လို့ သိမယ်။ အဲဒီလို တွက်ချက်မှုမျိုးနဲ့ပဲ လောကမှာ ဖြစ်ပျက်နေသမျှ အခြေအနေတွေကို ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ “ချုံပုတ်ထဲကနေပြီး ခွေးတစ်ကောင်ကို ခဲနဲ့ လှမ်းပေါက်တော့ အဲဒီခွေးက သူ့ကို ပေါက်တဲ့လူထက် သူ့ရှေ့ရောက်လာတဲ့ ခဲကိုပဲ လိုက်ဟပ်တယ်”ဆိုတဲ့စကား ရှိပါတယ်။ “ခဲဆိုတာ ဘယ်လိုနည်းနဲ့မှ သူဟာသူ လွင့်လာစရာအကြောင်းမရှိဘူး”လို့ သိနေတဲ့ လူက ခဲကိုတော့ ရန်မမူပါဘူး၊ အဲဒီအစား တစ်ချို့ အဲဒီခဲလုံး မိုးပေါ်က ကျလာတယ် အထင်နဲ့ ကောင်းကင်ကို ကြောက်လန့်တကြား ရှိခိုးဆုတောင်းတာနဲ့ တစ်ချို့ မြေကြီးထဲက ထွက်လာတယ်အောက်မေ့ပြီး မြေကြီးကို ဒေါသမာန်ပါပါ ဖနှောင့်နဲ့ပေါက်တာတွေ ဘာတွေ လုပ်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဗုဒ္ဓကိုယ်တိုင် ဥာဏ်အလင်းကို စပြီးရခဲ့တဲ့အချိန်ကရော၊ နောက်တပည့်သာဝကတွေ သစ္စာတရားကို နားလည်သွားတဲ့အခါမှာပါ ဥာဏ်မှာ ထင်လာတဲ့ စကားလေး တစ်ခုရှိပါတယ်၊ “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမသ္မ္ပ္ပိံ အသတိ ဣဒံ န ဟောတိ (ဒီဟာ ဖြစ်ရင် ဒါဖြစ်မယ်၊ ဒါဖြစ်မလာခဲ့ရင် ဒါဖြစ်လာစရာ အကြောင်း မရှိဘူး)” ဆိုတဲ့ စကားပါ။ အကြောင်းအကျိုး ဆက်နွယ်မှုကို သဘောပေါက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီစကားထဲမှာ အကြောင်းဆိုရင်လည်း ပေါ်ယံအကျဆုံးအကြောင်းကနေ အကြောင်းရဲ့ အကြောင်းရင်း စသည် နဂိုမူလဇာတ်မြစ်အထိ အဆက်ဆက်၊ အကျိုးဆိုရင်လည်း အကျိုးရင်းအကျိုးဖျားခွဲခြားရုံသာမက ဆိုးကျိုးထင်ရတဲ့အရာဟာ တကယ့်ဆိုးကျိုး ဟုတ်မဟုတ်၊ အကောင်းလို့ သတ်မှတ်ထားသမျှလည်း တကယ် ကောင်းတာ သေချာမသေချာ၊ ဆိုးတဲ့အကျိုးရဲ့ ဇာစ်မြစ်ကို ဖယ်ရှားဖို့ အားထုတ်ခြင်း၊ ကောင်းတာရဲ့ အကြောင်းရင်းတွေကို အထပ်ထပ် လုပ်ဆောင်ခြင်းတွေအထိပါ ခြုံငုံပါဝင် သွားပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာက ပြောထားသမျှ အနှစ်ချုပ်ဟာ အကြောင်းအကျိုးကို ဆက်စပ်နားလည်အောင် သင်ပြပေးတာလို့ ပြောရမှာပါ။ အဲဒီအရာကို စကားတစ်မျိုးနဲ့ ပြောင်းပြောတဲ့အခါမှသာ နဂိုက ပြောခဲ့တဲ့ “သစ္စာလေးပါးကို သိခြင်း”၊ “မဂ္ဂင် ရှစ်ပါးကို ကျင့်ခြင်း”၊ “နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း” စသည်တွေ ထွက်လာတာ ဖြစ်ပါတယ်။

Tuesday, July 25, 2006

နိဒါန်း

ကမ္ဘာပေါ်က လူတိုင်းလောက်နီးပါးဟာ သူမွေးဖွားရာဒေသ၊ သူကျင်လည်ရာပတ်ဝန်းကျင်၊ သူ့စိတ်အပေါ် ရည်ရှည်လွှမ်းမိုးတဲ့အိုင်ဒီယာ စတဲ့ အကြောင်းရင်းတွေအပေါ် အခြေခံပြီး ကိုးကွယ်စရာဘာသာ တစ်ခုမဟုတ်တစ်ခုနဲ့ မကင်းကြပါဘူး။ အဲဒီအထဲကမှ အကြမ်းဖျင်း အုပ်စုခွဲရရင် ဘာသာရေးကို ဟုတ်တိပတ်တိ မသိပေမယ့် ဘာသာရေး ကိုင်းရှိုင်းတာ ကောင်းတယ်လို့ဆိုတဲ့ သူများအထင်ကိုယ့်အထင်နဲ့ ကိုင်းရှိုင်းနေကြသူတွေရယ်၊ “ဘာသာတရားဆိုတာ ကိုးကွယ်ရမယ့်အရာ” ဆိုတာမှာပဲ ရပ်ထားပြီး တစ်သက်လုံး မျက်စိမှိတ် ကိုးကွယ်သွားတဲ့ အများစုရယ်၊ ဘာသာရေးဆိုတာ “ရှေးရိုးဆန်သူတွေရဲ့ စိတ်ကူးယဉ်စွဲလန်းမှု”၊ “ငါတို့ နားမလည်နိုင်တဲ့အရာအားလုံးကို စုရုံးသိမ်းဆည်းထားတဲ့အရာ” ၊ “ပစ္စုပ္ပန်မှာ မရရှိနိုင်တဲ့အရာတွေကို တောင့်တစရာ ထွက်ပေါက်”၊ “ဖြတ်ညှပ်ကပ်ပြီးသုံးရင် သုံးလို့ရသေးတဲ့ ငါတို့ရဲ့ ဘိုးဘွားပိုင်ပစ္စည်း”စသည် ဖွင့်ဆိုနေတဲ့ အုပ်စုတစ်ချို့ရယ်၊ နောက် ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရားရဲ့ အနှစ်အသားဟာ ဘာဆိုတာကို အတော်အတန် နားလည်သဘောပေါက်ပြီး နေထိုင်အသက်ရှင်စဉ်မှာ အဲဒီအတိုင်း တတ်စွမ်းသမျှ လက်ခံကျင့်သုံးတဲ့ လူအနည်းအပါးရယ် ဆိုပြီး ကွဲပြားပါတယ်။

ဘာသာတစ်ခုမှာ သူ့ကို လက်ခံကျင့်သုံးတဲ့သူတွေအပေါ် လိုက်ပြီး side effect အနည်းနဲ့ အများ မကင်းကြပါဘူး။ အဲဒီအထဲက ဘေးထွက်ဆိုးကြိုးတစ်ချို့ဟာ အပေါ်ယံ ကြည့်ရင် သိပ်အရေးမပါလှသလို ထင်ရပေမယ့် တကယ်တမ်းမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုတောင် ထိခိုက်နစ်နာစေနိုင်တာမျိုးတောင် ရှိပါတယ်။ ဥပမာ.. ဘာသာရေးကြောင့် လူတွေ စည်းပွားရေး၊ လူမှုရေး ထိခိုက်ပျက်ပြားရတာ၊ ၀န်ပိတာစတဲ့ ရုပ်ပိုင်းနစ်နာမှုတွေ၊ လူတစ်ချို့ တုံးအညံ့ဖျင်းသွားကြတာ၊ လူ့ဘောင်လောကက ပုန်းရှောင်ထွက်ပြေးကြတာ၊ ငုံ့ခံတာ၊ ဘာသာရေးကြောင့် လူတစ်ချို့ လူအချင်းချင်း ရန်သူလို မြင်သွားကြ၊ သွေးကွဲကြတာ (သို့) ဘာသာရေးကို လုံးလုံး စက်ဆုပ်မုန်းတီးသွားကြတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေပါပဲ။

ဘာသာရေးအပေါ် ခံယူပုံတွေသာ မတူပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ (အထူးသဖြင့် မြန်မာပြည်လို နေရာမျိုးမှာ) သူလိုငါလို ပတ်ဝန်းကျင်ထဲ နေနေခိုက်မှာတော့ တော်တော်များများကိစ္စတွေမှာ ယုံကြည်သည် ဖြစ်ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ၊ အကျိုးရှိသည် ဖြစ်စေ၊ အကျိုးမရှိသည်ဖြစ်စေ၊ အဲဒီလို အကျိုးရှိမရှိကိုလည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘာသာရေးယုံကြည်မှုနဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ၊ ဘာသာရေးက ပေးထားတဲ့ဝန်ထုပ်ဝန်ပိုးတွေ၊ ဘာသာရေးက သတ်မှတ်ထားတဲ့ Dos and Don'ts တွေ လိုက်နာလုပ်ဆောင်ကြရတာမှာတော့ လူတိုင်း တူရပါတယ်။ ဘာသာရေးကို လုံးလုံး စိတ်မ၀င်စားဘူး ဆိုတဲ့သူတွေတောင် ဒီကိစ္စတွေကနေ ရှောင်လွဲလို့ မရကြပါဘူး။ ဘာသာရေးကပေးတဲ့ ကောင်းကျိုးတစ်စုံတစ်ရာကိုသာ လူစေ့လူငှ မရရင်ရှိရမယ်၊ အဲဒီက ထွက်လာတဲ့ side effect ကိုတော့ ထပ်တူညီမျှပဲ ခံစားကြရပါတယ်။ ဘာသာတစ်ခုကို ကိုယ့်ဖက်ကပဲ ရိုရိုကျိုးကျိုးပေးဆပ်နေရပြီး ကိုယ်အတွက် ဘာမှ ပြန်မရတာလောက် ရင်နာစရာ ကောင်းတာ မရှိပါဘူး။ (မှတ်ချက်။ ။အဆိုးတွေကို ထောက်ပြနေရခြင်းဟာ နောင်ကို ကောင်းလာအောင် ပြင်စရာရှိရင် ပြင်ခွင့်ရဖို့ ဖြစ်ပါတယ်၊ တစ်ဦးချင်းမှာ တကယ်တမ်း ကောင်းမကောင်း မသိရဘဲ ကိုယ့်ပြည်မှာ သာသနာ ရောင်ဝါထွန်းတဲ့အကြောင်းတွေ မစားရ၀ခမန်း ပြောနေလို့ သိပ်အကြိုးထူးမှာ မဟုတ်လို့ပါ။)

အဲဒီအရာတွေ အားလုံးကို ရှောင်လွဲဖို့ဆိုရင်တော့ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတစ်ခုရဲ့ အခြေခံအုဌ်မြစ်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာသိမှတ်ဖို့ လိုလာပါပြီ။ အခြေခံကို သိထားပြီးတဲ့အခါ အပြင်လောကမှာ ပြုမူကျင့်သုံးနေတဲ့အရာတွေနဲ့ ကိုယ့်ဘာသာတရားက ပြောတဲ့အနှစ်အသားကို ခွဲခြားသိမြင်၊ အများနဲ့လည်း နှီးနှောတိုင်ပင်ပြီး မိမိကိုယ်တိုင်နဲ့ မိမိနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ကို အမှန်နဲ့အနီးစပ်ဆုံး ဖြစ်အောင် ပြုပြင်ပြောင်းလဲလာနိုင်မှာပါ။

ဘာသာတရားတစ်ခုဟာ နားမလည်သောသူတို့အတွက် ဘာသာရေးက လူကို စုပ်ယူတာ ခံရပြီး အနှစ်အသားကို သိရှိနားလည်သူအဖို့တော့ လူကပဲ သူကပေးတဲ့အမှန်တရားကို ခူးယူစားသုံးခွင့်ရတဲ့အရာ ဖြစ်ပါတယ်။ အဲဒီအတွက် အုဌ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ထည့်ဝင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီဘလော့ဂ်ကို ရေးခြင်းဖြစ်ပါတယ်။
သယံဝသီ