Friday, April 25, 2008

မျက်ကန်းခန္ဓာများ

“သင့်အခန်းမှ
ပတ်ဝန်းကျင်လောကအား
ကြည်ကြည်လင်လင် မြင်ရလိုလျင်
သင်၏ အခန်းပြတင်းမှန်ကို အရင် ဖုန်သုတ်ပါ”

ပြင်ပလောကသည် သူ့သဘောသူ ဆောင်နေခြင်းဖြစ်ရကား ပင်ကိုယ်အားဖြင့် သာယာဖွယ်လည်း မဟုတ်၊ ညစ်ငြူးဖွယ်လည်း မဟုတ်။ အရာဝတ္ထုတို့သည် သဘာဝအတိုင်း ဖြစ်တည်လာပြီး သဘာဝအတိုင်း ချုပ်ငြိမ်းသွားကြသည်၊ ထိုအရာသည် ဆင်းရဲသည်လည်း မဟုတ်၊ ချမ်းသာသည်လည်း မဟုတ်။ လိုအပ်စရာ၊ မလိုအပ်စရာ အရောင်စုံ၊ ကာလာစုံ အာရုံများ လောကတွင် ရှိသည်၊ ထိုအရာသည် လှပသည်လည်း မဟုတ်၊ အကျည်းတန်သည်လည်း မဟုတ်။ လောကအပေါ် “အမြင် မကြည်မလင်” ဖြစ်နေသူများ၊ “မသိမှုကြောင့် အမြင်ေ၀၀ါး” နေသူများ၊ “လောဘဇောနဲ့ မျက်လုံးစုံကန်း”ကြသူများ၊ ဖြူသောအရာကို အမည်း၊ အမျက်ဒေါသ ထွက်စရာမဟုတ်သည်ကို ဒေါသထွက်စရာ၊ ကိုယ်မပိုင်ဆိုင်သောအရာကို ကိုယ်ပိုင်အရာ၊ အကြောင်းနှင့် အကျိုးကို အကျိုးနှင့်အကြောင်း၊ အမှားကို အမှန်၊ ဆင်းရဲကို ချမ်းသာအစစ်စသောအားဖြင့် လောကအမြင် ပုံမှန်မှ သွေဖယ်နေသော သူများနှင့် ထိုအမြင်သွေဖယ်မှုက တွန်းပို့သဖြင့် ကိုယ်၊နှုတ်၊စိတ်အမူအရာများပါ မူမမှန်ဖြစ်နေသူများလည်း ရှိသည်၊ သို့သော် ထိုသူများရှိရုံသက်သက်မျှဖြင့် ပြင်ပလောကသည် မှောင်သည်လည်း မဟုတ်၊ လင်းသည်လည်း မဟုတ်။

လောကတွင် မည်သူတစ်ဦးတစ်ယောက်မျှ မွေးဖွားလာကတည်းက ကြောင်းကျိုးယုတ္တိ၊ လောကသဘောတရား၊ အမှားနှင့် အမှန်စသည်ကို စဉ်းစားဝေဘန်နိုင်သော အသိဥာဏ် ပါမလာ။ သို့သော် လူတိုင်းပင် မွေးကင်းစမှ စကာ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာနှင့် အတွေးဟူသော ဒွါရခြောက်ပါး အသီးသီး ပါလာကြသည်။ ထိုဒွါရခြောက်ပါးအားဖြင့် ပတ်ဝန်းကျင်ကို ထိတွေ့သည်၊ ထိုဒွါရခြောက်ပါးအားဖြင့် လောကအာရုံကို ရယူခံစားသည်၊ ထိုဒွါရခြောက်ပါးအားဖြင့်သာ အသက်ရှင်မှုကို တည်တံ့အောင် အားထုတ်သည်။ လူသည် ဒွါရခြောက်ပါးသာ မွေးရာပါ ပါခဲ့ပြီး အသိဥာဏ်ကား ပါမလာသောကြောင့် လောကပတ်ဝန်းကျင်ကို ထိတွေ့ခံစား၊ အသက်ရှည်တည်တဲ့အောင် အားထုတ်ရာတွင် မိမိအတွက် ပတ်ဝန်းကျင်လောကအတွက် နစ်နာ၊ မနစ်နာ၊ အကျိုးယုတ်မယုတ် စသည်ကို သတိမထား မစဉ်းစားမူဘဲ မိမိဒွါရ အလိုပြည့်မှု တစ်ခုအတွက်သာ စဉ်းစားပြုမူကြောင့် နောက်ဆုံးတွင် မိမိသူတပါး နှစ်ဦးသားလုံးအတွက် ဒုက္ခကိုပွားစေမည့် လောကအာရုံတို့ကိုပါ ရယူပိုင်ဆိုင်ဖို့ ကြိုးစားတော့သည်။

မွေးဖွားလာကတည်းက အကျိုးအကြောင်း ဝေဘန်ပိုင်းခြားစရာ အသိဥာဏ်ပါမလာခဲ့သော လူသားသည် တရားမတရား အဓိကမထားသော အာရုံခြောက်ပါးကို ဒွါရခြောက်ပါးဖြင့် စုပ်ယူခံစားသည်၊ ထိုခံစားမှုအရသာကို သိမ်းယူမှတ်သားသည်၊ ထိုခံစားခဲ့ဖူးသည်နှင့် ထပ်တူအာရုံကို နောက်ထပ်တစ်ဖန် စုပ်ယူခံစားဖို့ရန် ဒွါရခြောက်ပါးကို အရံသင့် ငံ့လင့်နေစေသည်။ အာရုံများ ထပ်မံရရှိရန် ကိုယ်နှုတ်စိတ်အားဖြင့် အဖန်ဖန်အားထုတ်သည်၊ ထိုအားထုတ်မှုကို ပြုလုပ်သော ကိုယ်နှုတ်စိတ်အမူအရာများကိုလည်း မသိစိတ်က မှတ်သားထားသည်၊ ဒွါရခြောက်ပါးမှ တစ်ဆင့် အာရုံကို ရရှိသောအခါ ထပ်မံခံစားပြန်ကာ ထပ်မံ၍သာ ငံ့လင့်နေပြန်သည်၊ ဤသို့ဖြင့် ခံစားခြင်း၊ အားထုတ်ခြင်း၊ အမူအကျင့်ဖြစ်ခြင်း၊ ခံစားခြင်း၊ အားထုတ်ခြင်း၊ အမူအကျင့်ဖြစ်ခြင်းတို့ အထပ်ထပ်သံသရာလည်ကာ လူတစ်ယောက်၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ၊ ဒွါရခြောက်ပါး အားလုံးတို့သည်လည်း တရားမတရားအဓိကမထားသော အာရုံခံစားမှုကို အခြေခံကာ မူမမှန်အနေအထားသို့ ရောက်ရတော့သည်။

လူတစ်ယောက်သည် ပုံမှန်အရာဝတ္ထုတစ်ခုကို ပုံမှန်အရာဝတ္ထုတစ်ခုဟု မမြင်ဘဲ ခိုးဝှက်ယူချင်စရာဟု မြင်သည် (သို့) ဒေါသထွက်ချင်စရာဟု မြင်သည် (သို့) ရွံရှာဖွယ်ရာဟု မြင်သည် (သို့) အရှိတရားမဟုတ်သောအရာဟု မြင်သည်၊ ပုံမှန်အသံတစ်ခုကို ပုံမှန်အသံအဖြစ်သာ သဘောမထား လောဘတက်ချင်စရာ (သို့) ဒေါသထွက်ချင်စရာ (သို့) မောဟဖြစ်ချင်စရာဟု ကြားသည်၊ လောကသဘာဝကျိုးကြောင်းယုတ္တိနှင့် မဆီလျှော်၊ ကောင်းကျိုးကိုလည်း မဖြစ်ပေါ်စေသောတရားကို အမှန်တရားဟု လက်ကိုင်ပြုသည်။ ထိုမှတစ်ပါး ကိုယ်အမူအရာအားဖြင့်လည်းကောင်း၊ နှုတ်အမူအရာ စိတ်အမူအရာတို့အားဖြင့်လည်းကောင်း ကာမတဏှာခေါ် အာရုံငါးပါးကို အမှားမှားအယွင်းယွင်း သုံးစွဲလိုခြင်း၊ ရူပတဏှာခေါ် ရုပ်အစုအာရုံကို သာယာခြင်းနှင့် အရူပတဏှာခေါ် ရုပ်မဲ့လောကအပေါ် သာယာဆာလောင်ခြင်းတို့ကို အခြေခံသော မူမမှန် အပြုအမူ၊ အပြောအဆို၊ အတွေးအကြံများ ဖြစ်လျက်ရှိသည်။ ထိုအခါ ထိုသူ၏ ရုပ်အစုသည်လည်းကောင်း၊ ခံစားမှုသည်လည်းကောင်း၊ အမှတ်သညာတို့သည်လည်းကောင်း၊ စိတ်အစုနှင့် အတွေးအကြံစသည်တို့သည်လည်းကောင်း အကန်းဘ၀သို့ လုံးလုံး ရောက်လေတော့သည်။ လူတစ်ယောက်၏ ကံသုံးပါး၊ ဒွါရခြောက်ပါး၊ အမှတ်သညာ၊ ၀ါသနာဗီဇ၊ လောကအမြင်၊ အသက်ရှင်နေထိုင်မှုစသည်တို့၌ မူမမှန်အနေအထားများ စွဲကပ်နေခြင်းသည် မျက်ကန်းခန္ဓာအစု (ဥပါဒါနက္ခန္ဓာ)ကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

မျက်ကန်းခန္ဓာဖြင့် မြင်ရသော လောကသည် တကယ့်လောကမဟုတ်၊ မျက်ကန်းခန္ဓာဖြင့် ခံစားသော အရသာသည် တကယ့်အရသာစစ် မဖြစ်၊ မျက်ကန်းခန္ဓာဖြင့် ထွန်းငြှိသော အလင်းသည် တကယ့်အလင်း မမည်၊ မျက်ကန်းခန္ဓာဖြင့် ပတ်ဝန်းကျင်လောကအား အမြင်ကြည်ကြည်လင်လင် မမြင်ရနိုင်၊ မျက်ကန်းခန္ဓာတစ်စုသည် အခြားသော မျက်ကန်းခန္ဓာတစ်စုအား လမ်းပြပေး၍ မရ၊ ပိုမိုဆိုးရွားသည်မှာ လောကသည် မျက်ကန်းတို့ဖြင့်ပြည့်နှက်နေရကား မျက်ကန်းခန္ဓာတစ်စုသည် အခြားသော မျက်ကန်းခန္ဓာစုများနှင့် အမှောင်ထဲတွင် မမြင်စမ်းစမ်း သွားရင်းလာရင်း တွန်းတိုက်မိသည်၊ တစ်စုနဲ့ တစ်စု ထိခိုက်မိသည်၊ မလိုဒေါသ လိုလောဘများ ဖြစ်ကာ နိုင်ထက်စီးနင်း ပြုသည်၊ မျက်ကန်းခန္ဓာစုများအကြား အကြောက်တရားနှင့် အမျှော်တရားများ ထွန်းကားသည်၊ သို့မဟုတ်လည်း အချို့သော မျက်ကန်းလောကကို စိတ်ကုန်လက်ကုန်ဖြစ်သူများ အခြားသော မျက်ကန်းတို့မှ ဝေးရာ အရပ်သို့ ချဉ်းကပ်ကာ မျက်ကန်းဧကစာ ကျင့်သည်။ သို့သော် တဏှာသုံးပါးမှ လွတ်သော မှန်ကန်သောအကျင့်မြတ် ရှစ်ပါးကို မကြားသိ၊ မပွားများရသေးသမျှ မျက်ကန်းနိဗ္ဗာန်ဖြင့်သာ ပျော်မွေ့သာယာကြရသည်။

“လောကသည် ကန်း၏”၊ မြတ်စွာဗုဒ္ဓ ဗောဓိဥာဏ်အလင်းကို စတင်တွေ့ရှိတော်မူပြီးစ၊ ထိုဥာဏ်အလင်းအား လူအများအား မျှဝေရန် စတင် ကြံစည်စဉ် မိန့်တော်မူခဲ့ဖူးသည်။ လောက ကန်းခြင်းသည် သဘာဝလောက၏ မျက်မမြင်ဖြစ်ခြင်းကို မဆိုလို၊ သင်၏ ဒွါရအခန်းပြတင်းများ ဖုန်အလိမ်းလိမ်း ငြိကပ်နေခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ပတ်ဝန်းကျင်လောကအား ကြည်ကြည်လင်လင် မြင်လိုလျင် သင်၏ အခန်းပြတင်းမှန်ကို အရင် ဖုန်သုတ်ပါ။ ။

(ဘာသာရေးမဂ္ဂဇင်းတစ်စောင်အတွက် ဒီနေ့ပဲ ရေးပေးခဲ့တဲ့ စာတစ်ပုဒ်)