Thursday, December 06, 2007

ဝေဒနာနဲ့ဗုဒ္ဓဓမ္မ

လောကမှာ ပုထုဇဉ်လူသားအားလုံးရဲ့ ပြုမူပြောဆိုနေထိုင်မှုတွေဟာ ခံစားမှုလို့ခေါ်တဲ့ ဝေဒနာတွေအတွက်ပဲ ဦးတည်နေကြတယ်..။ ဝေဒနာကို ပထမဦးစားပေးနေရာမှာထားကြတယ်။

ဝေဒနာဆိုတာကလည်း ကာမဂုဏ်အာရုံ ၅ ပါးကရတော့ အဆင်းလှလှ၊ အသံချိုချို၊ အနံ့မွှေးမွှေး၊ အရသာရှိရှိ၊ အထိအတွေ့ကောင်းကောင်းဆိုရင် တကောက်ကောက်လိုက်ချင်ကြတယ်။ အဲလိုလိုက်ကြရင်းနဲ့ လိုချင်တာတွေရသွားလို့ တဒင်္ဂဆန္ဒပြည့်သွားကြ သူများလည်း ရှိရဲ့။ မရလို့ သောကပူဆွေးသူများလည်းရှိရဲ့။ ရသူများ ရှိတဲ့ဟာလေး ဆုံးရှုံးလို့ ပူဆွေးသူများလည်းရှိလေရဲ့။
(သူများတွေနဲ့ တိုက်ဆိုင်လာရင်လည်း ကောင်းတဲ့ဝေဒနာလေးရရေး ဆိုးတဲ့ဝေဒနာ ပပျောက်ရေးအတွက် စိတ်ခုမှု၊ စကားများမှု၊ ကိုယ်ထိလက်ရောက်ဖြစ်မှုကစလို့ စစ်မက်ဖြစ်တဲ့အထိတောင်ပဲ။ (၁)
ဒီလိုပဲ ဝေဒနာကိုဦးတည်လို့ အနာဂတ်မျှော်လင့်ချက်ထားကာ သူတပါးအပေါ် အနစ်နာခံ ဆောင်ရွက်ပေးမှုတွေလည်း ပေါ်လာခဲ့တယ်။ (၂) )

ဒီလိုဆိုတော့ တချို့ အတွေးကောင်းသူတွေ တွေးလာကြတယ်။ ငါတို့ ပူဆွေးနေရတာဟာ ကာမဂုဏ်ကြောင့်။ ပူဆွေးမှုကြောင့်လွတ်ချင်ရင် ကာမဂုဏ်ဖြတ်နိုင်ရင်ကောင်းမှာပဲ။ အေးချမ်းမှာပဲ။ ကိုယ်ချမ်းသာတာက အဓိကမဟုတ်ဘူး။ စိတ်ချမ်းသာ၊ စိတ်အေးချမ်းမြေ့ဖို့က အရေးအကြီးဆုံးပဲ။ အဲလို ကာမဂုဏ်တွေကို ကြောက်လာကြတယ်။ တကယ်ကသူတို့ကြောက်တာ ပူဆွေးရတဲ့ ဝေဒနာတွေကိုပါ။

အဲဒီ့တော့ ကာမဂုဏ်တွေ အစိမ်းဖြတ် ဖြတ်လိုက်တယ်။ အဆင်းလည်းမကြည့်၊ အသံလည်းမနားထောင် ... စသည်ဖြင့်။ သို့သော်လည်း အထာမကျသေးတော့ တောင့်တပါလေရော။ တောင့်တတော့ စိတ်ကဆင်းရဲရတယ်။ အဲဒီစိတ်ဆင်းရဲခြင်းဆိုတဲ့ ဝေဒနာကိုမကြိုက်ပြန်ရော။ တောက်လျောက်ဝေဒနာဦးစားပေးလာတာ အခုထိပဲ။ ဆိုတော့ စိတ်ဘာကြောင့်ဆင်းရဲရသလဲ။ အရင်ခံစားဖူးတာတွေကို တွေးပြီးတောင့်တလို့ပေါ့..။ ဟောအဖြေတွေ့ပြီ၊ အတွေးတွေအကုန်ဖြတ်။ တံခါးပိတ် ဂျိတ်ပေါ့။

နေပါဦးအတွေးတွေကိုပိတ်တော့ စိတ်ဘယ်နားထားရမလဲ။ လူဆိုတဲ့သတ္တ၀ါကလည်း တီထွင်ကြံဆမှုကတော်သကိုး။ ဆိုတော့ စိတ်ထားဖို့နေရာရှာကြရာက မြေကသိုဏ်း၊ မီးကသိုဏ်း၊ ရေကသိုဏ်း ကစလို့ အာနာပါန (ထွက်လေ၀င်လေ) ကိုပဲစိတ်ထားတဲ့ နည်းတွေပေါ်လာရော။ မတွေးဘဲစိတ်ကို ရုပ်အာရုံတစ်ခုပေါ်မှာထားရတာ တယ်ဇိမ်ရှိသကိုး။ ကာမဂုဏ်တွေကို သတိမရတော့ မမက်တော့ဘူး။ မမက်တော့ မပူဆွေးဘဲ အေးငြိမ်းလိုက်တာ။ (၃)

အဲလိုနဲ့ ရုပ်ပေါ်မှာစိတ်ထားရာကနေ ရုပ်တွေကမတည်ငြိမ်ပါလား။ စိတ်ကလေးကလည်း ယောက်ယက်ခတ်နေပါလား။ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေပါလား။ ဘာမှမတည်မြဲပါလား ဆိုတဲ့ဒဿနပေါက်ပြီး ရုပ်တရားတွေကို မကြိုက်ချင်ချင်ဖြစ်လာရော။ မကြိုက်တော့ ရုပ်မရှိတဲ့နေရာသဘော ရုပ်မဲ့သဘောကို စိတ်သွင်းတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင်း အာရုံတွေအားလုံးနဲ့ အဆက်ပြတ်ပြီး အင်မတန်စိတ်အေးချမ်းတဲ့ ဝေဒနာအားဖြင့်အရမ်းကောင်းတဲ့ (ရုပ်မဲ့သဘော) သုညသဘောအာရုံကြီးမှာ စိတ်ထားတတ်သွားရော။ အဆင်းလှလှ၊ အသံချိုချိုထက် အစပေါင်းများစွာ အရသာရှိတဲ့ ဝေဒနာကြီးပါကလား ဆိုပြီး သုညဝေဒနာကြီးကိုစွဲလန်းပြန်ရော...။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက် မသိတော့ဘူး။ တစ်ကိုယ်တော်လေး ငြိမ့်နေတော့တာပါပဲ..။ (၄)

အပေါ်ကလူတွေအားလုံးက ဝေဒနာ နံပါတ် ၁ ဦးစားပေးသမားတွေချည့်ပဲ။ ဝေဒနာဟာ သူတို့ဘ၀မှာအရေးအကြီးဆုံ နံပါတ် ၁ နေရာမှာချည်းပဲ။ ဝေဒနာကို ချစ်ကြ ကြောက်ကြသူတွေချည့်ပဲ..။ ဒီလိုနဲ့ပဲ ဘီစီ ၆ ရာစုလောက်မှာ ဂေါတမဗုဒ္ဓဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့တယ်။

ဗုဒ္ဓဟာ ကာမဂုဏ်တွေကို လိုက်စားတာကိုလည်း ကာမသုခလ’ိကာနုယောဂဆိုပြီး အစွန်းငြိတယ်လို့ ပြောတယ်။ ကာမဂုဏ်တွေကို အကြောက်လွန်ပြီး စိတ်ထိန်းချုပ်ရှောင်ပြေးတာကိုလည်း အတ္တကိလမထာနုယောဂ နောက်တစ်စွန်းဆိုပြီး မလုပ်သင့်ကြောင်းပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေဒနာကို သူက နံပါတ် ၁ နေရာမှာ မထားလို့ပဲ..။

ဗုဒ္ဓက ဝေဒနာကို မချစ်မကြောက်တဲ့ သူရဲကောင်းပေပဲ။ ဝေဒနာကို နှစ်သက်စရာလို့ မမြင်သလို ကြောက်စရာမုန်းစရာလို့လည်း မမြင်တဲ့ အလယ်လမ်းသဘောကို အတွေးအခေါ်တော်လှန်ရေးတစ်ရပ် ဆင်နွှဲပြီး ချပြခဲ့တယ်။ ဝေဒနာကို နံပါတ် ၁ ဦးစားမပေးတဲ့အတွက်ကြောင့် ကာမဂုဏ်တွေမှာလည်း ကောက်ကောက်ပါအောင်မလိုက်ဘူး၊ အကြောက်လွန်ပြီးတော့လည်း ရှောင်မပြေးဘူး။

ဒါဆိုဘုရားရှင်ဘာကို နံပါတ် ၁ ဦးစားပေးသလဲ။
လူအချင်းချင်းဆက်ဆံတဲ့နေရာမှာ ရည်ရွယ်ချက်မှားနဲ့ စေတနာမှားနဲ့ လုပ်တဲ့လုပ်ရပ်တွေကို ဒုက္ခတွေလို့ ချပြခဲ့တယ်။ ဘယ်လိုရည်ရွယ်ချက်မှားသလဲဆိုတာကတော့ မလုပ်သင့်တဲ့အရာကို ဝေဒနာဦးစားပေးပြီးလုပ်ကြတဲ့ အပေါ်က လုပ်ရပ်တွေကို ဒုက္ခတွေလို့ မြင်ပြီး အဲဒီ့ကလွတ်အောင် လေ့ကျင့်ဖို့ကို နံပါတ် ၁ ထားခဲ့တယ်။ ခေတ်စကားနဲ့ပြောရရင် လုပ်ချင်တာတွေထက် လုပ်သင့်တာတွေကိုဦးစားပေးတာပဲ။

အဲလိုဦးစားပေးတတ်အောင် ရှိသင့်တဲ့ အမြင် အတွေး (၅) တွေကိုလည်း ချပြခဲ့တယ်။ (ပညာ)
အဲလိုဦးစားပေးတတ်အောင် လုပ်သင့်တဲ့ အပြော အပြု အနေ (၆) တွေကိုလည်း ချပြခဲ့တယ်။ (သီလ)
အဲလိုဦးစားပေးတတ်အောင် ထားရှိသင့်တဲ့ ကြိုးစား နိုးကြား စိတ်ထားမှု (၇) တွေကိုလည်း ချပြခဲ့တယ်။ (သမာဓိ)

အဲလိုလေ့ကျင့်မှုတွေကို ထပ်ကာထပ်ကာ ပွားများသွားရင်းနဲ့ နောက်ဆုံး -

အဆုံးစွန်သော ဗုဒ္ဓအလိုကျတဲ့ ပုံစံကတော့ မိမိရဲ့ လုပ်သမျှသော (ကိုယ် နှုတ် စိတ်) အားလုံးဟာ လုပ်ချင်လို့မဟုတ်ဘဲ လုပ်သင့်လို့ချည့်လုပ်တယ်ဆိုတဲ့ဟာပဲ ကျန်တော့တဲ့ ပုံစံမျိုးရယ်လို့ပဲ ဖြစ်ပါတော့တယ်..။

ဝေါဟာရစာညွှန်း -
(၁) ကာမအကုသိုလ်
(၂) ကာမကုသိုလ်
(၃) ရူပကုသိုလ်
(၄) အရူပကုသိုလ်
(၅) သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ
(၆) သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ
(၇) သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိ

Wednesday, November 28, 2007

ကံချင်းကတော့ မတူပါလေ

ကံဆိုတာ သိထားဖို့ အလွန် လိုအပ်ပါတယ် .....ဘုရားပွင့်တဲ့ခေတ်တုန်းက ကံနဲ့ပတ်သက်လို့ ပြောသူ ၂ ဦးရှိတယ်..။ ဂေါတမဗုဒ္ဓနဲ့ ဂျိန်းဘာသာခေါင်းဆောင် နိဂန္တဆိုသူပဲ..။ ၂ဦးစလုံးက ကမ္မ၀ါဒကို လက်ခံတယ်ဆိုထားတာကိုး..။ ဂျိန်းဘာသာရေး စာပေတွေ၊ သမိုင်းကြောင်းတွေ လေ့လာကြည့်ရင် သိပ်စိတ်ဝင်စားဖို့ကောင်းတယ်..။ ဂျိန်းကံက မြန်မာလူမျိုးတစ်ယောက်ကို ရှင်းပြဖို့မခက်လှဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာလို့ အမည်ခံနေကြသူတွေ ယူတဲ့ကံနဲ့ တော်တော်လေးကိုတူနေလို့ပဲ..။

ဂျိန်းကံ

- မမွေးခင်ပြုထားတဲ့ ကံတွေကြောင့် ဒီဘ၀ဖြစ်ရတယ်။
- ဒီဘ၀မှာပြုတဲ့ကံတွေကြောင့် သေပြီးရင် နောင်ဘ၀ဖြစ်မယ်။
- ပန်းတိုင်က အဲဒီကံတွေ ကုန်သွားအောင်၊ သေပြီးနောင်ဘ၀မဖြစ်အောင်
ယောဂအကျင့်တွေကျင့်ပြီး ကံတွေကိုပွန်းအောင် နောက်ဆုံး ကုန်သွားအောင် လုပ်တဲ့နည်းပဲ..။ ဂျိန်းတွေမှာ အဲဒီတုန်းက အခုခေတ်လိုပဲ တရားစခန်းတွေရှိတယ်..။ ဂေါတမဗုဒ္ဓရဲ့ အရိယမဂ္ဂင် ၈ ပါးလိုမဟုတ်ဘဲ အချိန်ပေးပြီး စခန်းသွင်းလေ့ကျင့်ရတယ်..။ တစ်ရက်မှာ ဂေါတမဗုဒ္ဓဟာ အေးအေးလူလူရှိတာနဲ့ ဂျိန်းတွေတရားစခန်းရှိတဲ့ တောင်ခြေကိုလာတယ်..။ ဂျိန်းတွေကတော့ အပြင်းအထန်လေ့ကျင့်နေကြတယ်..။ အဲဒါနဲ့ ဗုဒ္ဓက -
"ငါ့ရှင်တို့၊ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့်ဒီလိုအပင်ပန်းခံ ကျင့်နေတာလဲ"မေးတယ်..။ (ဒီနေရာမှာ ဖြတ်ပြောချင်တာက ဗုဒ္ဓရဲ့သဘောထားပဲ..။ ကိုယ်ကျင့်နေတာကို ဘာရည်ရွယ်ချက်နဲ့ကျင့်သလဲ၊ ဘယ်လိုပန်းတိုင်ရှိသလဲ သိသင့်တယ်..။ အဲဒါတွေ စဉ်းစားနေတာ တရားတက်ဖို့နှေးလိမ့်မယ်ဆိုတဲ့ သြ၀ါဒတွေဟာ ဗုဒ္ဓတပည့်တွေ မဖြစ်ထိုက်ဘူး..။) အဲဒီမှာ နိဂန္တတွေက - သူတို့ဆရာကြီးက အလုံးစုံကိုသိတဲ့ သဗ္ဗညုတရှိတယ်၊ ဆရာကြီးကပြောလို့ ရှေးဘ၀တွေကလုပ်ထားတဲ့ ကံတွေကုန်ပြီး နောင်ဘ၀မဖြစ်အောင်၊ သို့မဟုတ် ကံတွေကျန်ရင်လည်း ကောင်းကောင်းလေးဖြစ်အောင် လေ့ကျင့်နေတယ်လို့ ပြန်ဖြေတယ်..။ (အခုခေတ် တရားစခန်းက ယောဂီတွေထက်တော့ သူတို့ကသာသေးတယ်..။ ဟုတ်ဟုတ်မဟုတ်ဟုတ် ဘာကြောင့်ကျင့်နေသလဲ ပန်းတိုင်လေးတော့ သိသေးတယ်)။
ဗုဒ္ဓက - "အိုကေ၊ ဟုတ်ပြီ၊ မင်းတို့ကျင့်နေတာလည်း ကြာနေပြီ၊ ဆိုတော့ ကံတွေဘယ်လောက်ကုန်သွားပြီလဲ၊ ဘယ်လောက်ထပ်ကုန်ဖို့ကျန်သေးသလဲ" မေးတယ်..။ (အခုခေတ်မှာ ဗုဒ္ဓသာရှိရင် မြန်မာပြည်က တရားစခန်းတွေ တစ်ခုချင်းသွားပြီး အဲလိုမေးမှာပဲ ကြံကြံဖန်ဖန် တွေးမိတယ်..) အဲဒီမှာ ဟိုလူတွေက - "မသိပါဘူး အရှင်ဂေါတမ" ပဲပြောရတော့တာပေါ့..။ နောက်ထပ် မေးသမျှ မေးခွန်းတွေကိုလဲ မသိဘူးလို့ချည်း ဖြေတဲ့အတွက် ဗုဒ္ဓက - "မင်းတို့တွေ စတူးပစ်တွေပဲ.." ဆိုပြီးရှုတ်ချပါတယ်..။ (တရားကျင့်ဖူးတဲ့သူတွေတွေ့ရင် ဗုဒ္ဓကိုယ်စား အဲဒါလေးမေးပြီး မသိရင် ဗုဒ္ဓလိုပဲ သင်တို့တွေစတူးပစ်တွေလို့ ပြောရင်ဘယ်လိုနေမလဲ ကြံကြံဖန်ဖန် တွေးမိပါတယ်..)

အဘိဓမ္မာလာ ကံ

တတိယသံဂါယနာမှာပေါ်တဲ့ အဘိဓမ္မာပိဋကတ်မှာတော့ ဂျိန်းကံနဲ့ နည်းနည်းလေး ခွာသုံးထားတယ်..။ အသုံးအနှုန်းကိုက ကံသတ္တိလို့ခေါ်တယ်..။ အဲဒီမှာ ဂျိန်းတွေရဲ့ နောက်-အခု-နောင် ၃ ဘ၀ဆက်ကံက ပြန်ဝင်လာတယ်..။ ဆက်ပြီးတော့ ကံအကြီး၊ အသေး၊ အလတ် အခုဘ၀မှာအကျိုးပေးတဲ့ကံ၊ ဒုတိယဘ၀မှာအကျိုးပေးတဲ့ကံစတဲ့ ထွင်လုံးတွေနဲ့ ကံတွေကိုဖွင့်ဆိုလာတယ်..။ အကျိုးပေးပုံကလည်း ကိုယ်လုပ်လိုက်တဲ့အတိုင်း ခံစားမှု ရ ကိုယ်ကပြန်ခံရတယ်။ ဥပမာ - သူများကိုလက်ဖြတ်ရင် ကိုယ့်လက်ပြန်အဖြတ်ခံရတယ်.. အဲလိုပေါ့..။ သူများလက်ဖြတ်ရုံမကပဲ လူပေါင်းများစွာသတ်၊ မတရားတာမှန်သမျှအကုန်လုပ်၊ အဲလိုလူတွေကောင်းစားနေတာ ဒုနဲ့ဒေးပါနော်..။ အဲဒီလိုဖြစ်တော့ အဲဒီဟာကွက်ကြီးကို ဖာထေးဖို့ နောင်ဘ၀ဟာ မရှိမဖြစ်လိုအပ်ချက်ကြီး ဖြစ်လာပြန်ရော..။ နောင်ဘ၀ဖြစ်မဖြစ်ကို မယူဘူးပြောထားတဲ့ ဗုဒ္ဓရဲ့ အဆုံးအမထဲမှာ ဒီလွဲနေတဲ့ကမ္မ၀ါဒကြီးကို ဖာထေးဖို့ နောင်ဘ၀ဇာတ်လမ်းတွေ ဗုဒ္ဓဘာသာထဲရောက်လာပါတော့တယ်..။

အဘိဓမ္မာလာကံသတ္တိ

ကံသတ္တိနဲ့ပတ်သက်လို့ အဘိဓမ္မာနဲ့မိလိန္ဒစာအုပ်ထဲမှာ ဖြေရှင်းဖို့အများကြီးကြိုးစားခဲ့ကြတယ်..။ သို့သော် သူတို့စာမှာပါတဲ့ လောကမှာ စိတ်၊စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ကလွဲလို့ ဘာမှမရှိဆိုတဲ့ အချက်နဲ့တိုက်စစ်တော့ အဖြေမရှိဘူးဖြစ်နေတယ်..။ ကံပြုပြီးနောက် ကံသတ္တိကျန်ခဲ့ပြီး အဲဒီ့လူကို နောင်ဘ၀ဖြစ်ဖို့ သို့မဟုတ် ခံစားချက် အကောင်းအဆိုး တစ်ခုခုဖြစ်ဖို့ အရိပ်လိုလိုက်နေတယ် စောင့်နေတယ် ဆိုကြတယ်..။ မေးချင်တာက .. ဟုတ်ပါပြီ၊ အဲဒီ့ကံသတ္တိဟာ ပရမတ်တရား ၄ ပါးထဲမှာ ဘယ် ထဲထည့်မလဲ..။ ရုပ်လား၊ စိတ်လား၊ စေတသိက်လား၊ နိဗ္ဗာန်မဟုတ်တာတော့ သေချာတယ်..။ ဒါမှမဟုတ် ပရမတ်တရား ၅ ပါးဆိုပြီး တစ်ခုထပ်တိုးမလား..။ ဒါမှမဟုတ် ကံသတ္တိဟာ အရှိတရားမဟုတ်ဘူးလား မေးရတော့မယ်...။

ဗုဒ္ဓရဲ့ကမ္မ၀ါဒ

ဗုဒ္ဓရဲ့ကမ္မ၀ါဒဟာ အဲဒီလို ရှုပ်ရှက်ခပ်မနေဘူး..။ ရိုးရှင်းတယ်။ အပြစ် ရှာမရဘူး..။ အကျိုးလည်း တကယ်ရှိတယ်..။ ကိုယ်တိုင်လည်း သိနိုင်မြင်နိုင်တယ်..။ တရားနဲ့လည်း ဆက်စပ်မှုရှိတယ်..။ အရိယသစ္စာ ၄ ပါးနဲ့လည်း အံဝင်ခွင်ကျရှိတယ်..။ ဒုက္ခသံသရာနဲ့လည်း အချိတ်အဆက်မိတယ်..။ လွတ်မြောက်မှုဝိမုတ္တိရဲ့ လမ်းကြောင်းဖြစ်တဲ့ အရိယမဂ်နဲ့လည်း သဟဇာတရှိတယ်..။ ကံကိုလေ့လာတဲ့အခါ ကြားဖူးနေကျ ကံ၊ကံ၏အကျိုးဆိုတာလေးတင်မက ကံ၊ ကံရဲ့အကြောင်း၊ ကံရဲ့အကျိုးဆိုပြီး အစိတ်အပိုင်း ၃ ခုစလုံးကို တစ်ပိုင်းချင်းလေ့လာမှ ကမ္မနိယာမကိုခြုံမိပါလိမ့်မယ်..။ သမ္မာဒိဋ္ဌိ၊ဆိုတာကလည်း အဲဒီကံအင်္ဂါ ၃ ချက်အကြောင်း သဘောပေါက်သွားတာရဲ့ အမည်ပဲဖြစ်တယ်..။

ကံဟာ လူ့အဆင့်အတန်းကို ဆုံးဖြတ်ပေးတယ်လို့ ဗုဒ္ဓဟောချက်ရှိတယ်..။ လူတွေတစ်ဦးနဲ့တစ်ဦး အနိမ့်အမြင့်ဖြစ်နေတာအားလုံးဟာ ကံကြောင့်ပဲ..။ ဒီနေရာမှာ အဆင့်အတန်းဆိုတာဘာလဲ၊ အနိမ့်အမြင့်ဆိုတာ ဘာလဲ သေသေချာချာ သိဖို့လိုအပ်ပါတယ်..။ အဆင့်အတန်း အနိမ့်အမြင့်ဆိုတာ ဥစ္စာဆင်းရဲချမ်းသာမှုလား၊ ဂုဏ်ရည်ကျော်စောမှုလား၊ ကျန်းမာသန်စွမ်းမှုလား၊ ချို့တဲ့မှုလား၊ အဆင်းလှပမှု အဆင်းမလှပမှုလား၊ စိတ်အေးချမ်းသာမှု၊ ပူလောင်မှု (သက်သက်)လား ..လား.. လား..။ အဲဒါတွေအားလုံးဟာ ခံစားမှု အကောင်းနဲ့အဆိုးတို့ရဲ့ နာမည်တွေချည့်ပဲ..။ ဗုဒ္ဓနဲ့သူ့သာဝကတွေ ခဏခဏပြောတဲ့စကားတစ်ခုရှိတယ်..။ သူ့တရားက ဝေဒနာနဲ့မဆိုင်တဲ့တရားတဲ့..။ ဗုဒ္ဓတရားဟာ အပေါ်ကဟာတွေနဲ့ ပတ်သက်လို့ တိုက်ရိုက်ဘာမှမလုပ်ပေးနိုင်ဘူး..။ ဗုဒ္ဓတရားက ပေးနိုင်တာ တစ်ခုပဲရှိတယ်..။ ဒုက္ခဖြစ်ရာဖြစ်ကြောင်းနဲ့ လွတ်ရာလွတ်ကြောင်း အသိကလေးပဲ..။ ကျန်တာဘာဆိုဘာမှ မပေးနိုင်ဘူး..။ ကျန်တာပေးတယ်ဆိုရင် ဗုဒ္ဓတရားမဟုတ်ဘူးလို့ ရဲရဲပြောရဲတယ်..။ သူ့တရားရဲ့ ပန်းတိုင်က ရိုးသားဖြူစင်ယဉ်ကျေးမြင့်မြတ်သူ ဖြစ်စေဖို့..။ ဆိုတော့ လူ့အဆင့်အတန်းဆိုတာ ဖြူစင်မအှု တိုင်းအတာကို ဆိုလိုတာပဲ..။ ကံဟာ အဲဒီ ဖြူစင်မှု အတိုင်းအတာကို အဆုံးအဖြတ်ပေးတဲ့ တစ်ခုတည်းသောပစ္စည်းပဲ..။

အဲဒီကံဟာ ဘယ်သူဖန်ဆင်းတာလဲ..။ နတ်လား၊ ဓာတ်လား၊ ဖန်ဆင်းရှင်လား ဆိုတော့ .. ကံကို ကိလေသာကဖန်ဆင်းတယ်တဲ့..။ ကံဟာ ကိလေသာရဲ့အကျိုးတဲ့..။ ကိလေသာဆိုတာ မသမာမဒှု ဿနပဲ..။ စိတ္တဇပေါ့..။ သူသတ်ရဲ့သတ်မှု၊ သူခိုးရဲ့ခိုးမှုကစလို့ ရုပ်ထိုင်ရှုနာမ်ထိုင်ရှုတွေအထိ အားလုံးဟာ ကောင်းမယ်ထင်လို့လုပ်တဲ့အလုပ်တွေချည့်ပဲ..။ ကောင်းလားဆိုတော့ ခံစားမှုအားဖြင့်တော့ ကောင်းကြတယ်..။ ဘ၀အဆင့်အတန်းအားဖြင့်တော့ မကောင်းဘူး..။ ရိုးသားဖြူစင်မှုရဲ့ ဆန့်ကျင်ဘက်တွေဖြစ်လို့ မကောင်းတာပဲ..။ အဲလို ဝေဒနာကြောင့် ကောင်းမယ်ထင်နေတဲ့ လွဲမှားတဲ့ ဒဿနဟာ ကိလေသာပဲ..။ အဲဒီလွဲမှားတဲ့ ဒဿနက သူသတ်ကိုသတ်စေတယ်၊ သူခိုးကိုခိုးစေတယ်၊ နောင်ဘ၀မျှော်အလှူရှင်ကို လက်ငင်းအကျိုးထက် နောင်ကောင်းချင်မှုကို ဖြစ်စေတယ်..။ အဲဒါ ကံတွေပဲ..။ မသမာတဲ့ဒဿနကို အခြေခံတဲ့ ရည်စူးချက်ပါတဲ့ ကိုယ်၊နှုတ်၊နှလုံး အမှုတွေကို ကံလို့ခေါ်တယ်..။ ကံကလုပ်လိုက်ပြီးတော့ ဒီအတိုင်းရပ်မနေဘူး..။ ကံရဲ့အကျိုးက တဆက်တည်းကို အကျိုးပေးတယ်..။ အဘိဓမ္မာထဲက ကံသတ္တိလိုမျိုး အချိန်တွေဆိုင်းမနေဘူး..။ နေရာတွေလွဲမနေဘူး..။ ကိုယ်ကာယကြီး ခြားမသွားဘူး..။ ကံရဲ့အကျိုးဆက်က မသမာမှု ဒဿနရဲ့ အကြောင်းကိုဖြစ်စေတယ်..။ မသမာမှု ဒဿနဆိုတာ အပေါ်ကပြောခဲ့တဲ့ ကိလေသာပဲ..။ ကံရဲ့အကျိုးက ကိလေသာရဲ့အကြောင်း..။ အဲဒါကို ၀ိပါက်လို့ နာမည်ပေးထားတယ်..။ သတ်ဖူးတဲ့သူသတ်တစ်ဦး၊ ခိုးဖူးတဲ့သူခိုးတစ်ဦးဟာ အရိယမဂ္ဂင်တရားနဲ့ မတွေ့သေးသမျှကာလပတ်လုံး သတ်တဲ့ခိုးတဲ့အမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ သူသတ်အဖြစ်၊ သူခိုးအဖြစ် ၀ိပါက်(မသိစိတ်)မှာ ပုံရိပ်တွေကျန်ခဲ့တယ်..။ ဥပမာ ချစ်တယ်၊
မုန်းတယ်ဆိုတာ ချစ်လိုက်၊ မုန်းလိုက်ပြီးရင် မပြင်သရွေ့ချစ်စိတ်၊ မုန်းစိတ်က စွဲကျန်ခဲ့တဲ့ သဘောလိုပဲဖြစ်တယ်..။ ခိုးမှုသတ်မှုတွေက အဆုံးစွန်သော ဥပမာတွေပါ..။ သူများကို သာသာလေးနှိပ်လိုက်ရလို့ ကျေနပ်သွားတာတို့၊ ဘယ်သူမှမသိဘဲ မတရားအချောင်ရလိုက်တာတို့၊ မမြင်ရတဲ့ နောင်ဘ၀ကောင်စားရေး (သို့မဟုတ်) နောင်ဘ၀မဖြစ်ရေးကို ရည်မျှော်ပြီး အလှူပေး၊ ဥပုသ်စောင့်တာတို့ အဲဒီကံတွေဟာ မသမာမှု ဒဿနကိုအခြေခံပြီး မသိစိတ်(၀ိပါက်)မှာ နောက်ထပ်လုပ်ချင်စိတ်မျိုးစေ့ကို ချန်ခဲ့တယ်..။ အဲဒီ့ဝိပါက်ဟာ ကံရဲ့တစ်ခုတည်းသောအကျိုးပဲ..။ သူများသတ်ရင် အသက်တိုတာတို့၊ သူများပစ္စည်းခိုးရင် ဆင်းရဲတတ်တာတို့၊ အလှူပေးရင် ဥစ္စာပေါတတ်တာတို့ အဲဒါတွေဟာ ကံရဲ့အကျိုးလုံးဝ(လုံးဝ) မဟုတ်ပါဘူး..။ သူများသတ်လို့ ကိုယ်အသတ်ခံရတာ၊ သူများပစ္စည်းခိုးလို့ ထောင်ကျတာ ကိုယ်ညံ့လို့ပဲ..။ ကံကြောင့်မဟုတ်ဘူး..။ ဘာဖြစ်လို့အဲလိုပြောနိုင်သလဲဆိုတော့ သူသတ်တွေ၊ သူခိုးတွေ အများကြီးကောင်းစားနေတာ လူတိုင်းအသိပဲ..။ (နောင်ဘ၀မှာ ခံရမယ် ပြောဦးမလား..)

ဆိုတော့ ..
ကိလေသာကြောင့် ကံဖြစ်၊ ကံကြောင့် ၀ိပါက်ဖြစ်၊ ၀ိပါက်ကြောင့် ကိလေသာပြန်ဖြစ် ဆိုပြီး လည်နေတဲ့ စက်ကိုသံသရာလို့ ခေါ်ပါတယ်..။ လူကအဲဒီ့သံသရာရဲ့ ဖြစ်တည်ရာနေရာပဲ..။ အဲဒီ့သံသရာကဖော်လိုက်တဲ့ပုံရိပ်ဟာ လူမှာလာပေါ်တယ်..။ အဲဒါကို လူမဟုတ်တဲ့ အစွဲခန္ဓာ (၀ါ) ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်..။ သူများကို နှိပ်လိုက်ရလို့ ကျေနပ်သွားသူတစ်ယောက်မှာ နောင်အခွင့်ရရင်အရင်ဖြစ်ဖူးတဲ့ သိရှိ၊မှတ်သား၊ခံစား၊တုန့်ပြန်၊ရှင်သန်ဖြစ်တည်မှု အစွဲခန္ဓာ ၅ ပါး ပြန်ပေါ်လာပြီး
နောက်ထပ်နှိပ်ကွပ်ပြန်ရော..။ မသိစိတ်မှာ ၀ိပါက်ကျန်ခဲ့ပြန်ရော..။ အဲဒီ့အစွဲခန္ဓာ ၅ ပါးဟာ ငါမဟုတ်၊ အတ္တမဟုတ်၊ အနတ္တလို့ ရှုကြလို့ ဘုရားရှင်သြ၀ါဒရှိပါတယ်..။

ကံနဲ့ကံရဲ့အကျိုးတွေဟာ ဒုက္ခအရိယသစ္စာ
ကံရဲ့အကြောင်းဟာ ဒုက္ခသမုဒယအရိယသစ္စာ
ကံနဲ့ပတ်သက်တာတွေ ချုပ်ငြိမ်းမှုဟာ ဒုက္ခနိရောဓအရိယသစ္စာ
အဲဒီ့ချုပ်ငြိမ်းမှု တွက် လေ့ကျင့်ရတဲ့ လမ်းကြောင်းဟာ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ ဆိုပြီး
အရိယသစ္စာ ၄ ပါးနဲ့ ကံဆက်စပ်ပုံကိုပြောရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ...။ ။